မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများဆောင်ရွက်

မုဒုံ ဇွန် ၂၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်သား/သူများအား ကျန်းမာရေးစောင့်ရှောက် ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မ (၂) ရပ်ကွက်ရှိ အ.မ.က (ခေမာ) စာသင်ကျောင်း၌ ဆောင်ရွက်​ခဲ့သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမက ကျောင်းသား/သူများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရသုံးအုပ်စုဆိုင်ရာ အကြောင်းအရာ များကိုလည်ကောင်း၊ ကျန်းမာရေးမှူးက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုများရှိစေရန် ကဗျာများဖြင့်ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ လည်ပင်း စသည့်ကျန်းမာရေးဆိုင်ရာများကို သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် သူနာပြုဆရာမတို့က စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများအား အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)