မိုင်းခတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသောတောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားလာစေရန် အသိပညာပေးပြောကြားပြီး ဟွေဖယ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပြီး သုတ၊ ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေးစာစောင်နှင့် လူကုန်ကူးမှုအသိပညာပေးစာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)