မိုင်းတုံ ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က စတင်ဆောင်ရွက်ပေးခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးလှအေးက ယခုကဲ့သို့ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရခြင်းသည် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကျယ်တဝန်း ရှင်းလင်းပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားပြီးတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက်စိစစ်ကောက်ယူ၍ Database တွင် သိမ်းဆည်းကာ မတူညီဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီး တိုက်ဆိုင်စစ်ဆေး၍ ထုတ်ပေးသွားမှာဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းထံမှ သိရှိရသည်။
မျိုးကျော်စိုး(မိုင်းတုံ(ပြန်/ဆက်)