မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး စိုက်ဧက ၁၀၈၂၀၀ စိုက်ပျိုးသွားရန် သတ်မှတ်လျားထား

မိတ္ထီလာ ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး စိုက်ဧက ၁၀၈၂၀၀ ကျော် စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါး စိုက်ပျိုးထုတ်လုပ်သည့် လယ်သမားများ တစ်ဧက အထွက်နှုန်း တိုးတက်၍ ဝင်ငွေတိုးလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင် ၊ သာစည် ၊ ဝမ်းတွင်း မြို့နယ်များရှိ  ဒေသခံတောင်သူများ မိုးစပါးကို ဆည်ရေ ကန်ရေ သောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေ ကန်ရေ မရသည့် ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ ၊ ဆင်းသုခ ၊ ပုလဲသွယ်၊ ရက်(၉၀)၊ ဧရာမင်း၊ သုခထွန်း၊ ရွှေဘိုဘေးကြားမျိုးစပါးများနှင့် ဒေသမျိုးစပါးများကို အဓိက စိုက်ပျိုးလျက်ရှိသည်။ အဆိုပါ မိုးစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း တိုးတက်စေရေး အတွက် မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဟောပြောခြင်း၊ စိုက်ကွင်း သရုပ်ပြသခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိသည်။ 

မိတ္ထီလာခရိုင်တွင် ယမန်နှစ်က မိုးစပါး စိုက်ဧက ၁၀၀၇၃၃ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မိုးစပါးကို မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ မြို့နယ်တွင် စိုက်ဧက ၁၂၆၁၃ ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၅၄၆၀ ဧက၊ သာစည်မြို့နယ်တွင် ၃၄၃၁၅ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၅၅၈၁၂ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်တွင် မိုးစပါးစိုက်ပျိုးဧက ၁၀၈၂၀၀ကို စိုက်ပျိုးသွားရန် သတ်မှတ်လျားထားကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)