မိုးကောင်း ဇွန် ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူ့လူထုအား တိုက်ရိုက်ဝန်ဆောင် ပေးနေသည့်လုပ်ငန်းများ အသိပညာပေးသင်တန်းဖွင့်ပွဲကို မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ(၂၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မိုးကောင်းမြို့နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများ အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးလျှက်ရှိသော လုပ်ငန်းများသိရှိပြီး ပူပေါင်းချိတ်ဆက်၍ ကလေးသူငယ်များ၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများအတွက် အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေး ဆောင်ရွက်ပေးရန် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နွယ်နွယ်အောင်က ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကြောင်း ကိုရှင်းလင်းပြောကြားသည်။
ယင်းနောက် ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်မှ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊ MCCTနှင့် လူမှုရေးပင်စင်၊ သက်ကြီးရွယ်အိုအခွင့်အရေးများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ပေးနေမှုနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကမူကြိုနှင့် ကိုယ်ထူကိုယ်ထမူကြိုကျောင်းများမှ ဝန်ထမ်းများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)