ပြင်ဦးလွင် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စုတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် (၉) နာရီက ရွာလယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းတို့က စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ၍ ရပ်ရွာအတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအမံများအား ဦးစွာ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိက လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြု (Proportional Representation System-PR) စနစ်အကြောင်း သိကောင်းစရာများအား ရှင်းလင်း ပြောကြားခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ ဆည်မြောင်း၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန အစရှိသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေးများနှင့် ပတ်သက်၍ တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြ သည်။
ဆက်လက်၍ စစ်ကြောင်းကြီး(၅)ကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောင်ချမ်းသာ ကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ (၆၆/၆) တွင် မွေးတိုးစာရင်းထည့် သွင်းမှုနှင့် အတိုး/အလျှော့ ပြင်ဆင်ခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်ခြင်းများအား ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အောင်ချမ်းသာကျေးရွာအုပ်စုမှ ပြည်သူများ စုစုပေါင်း (၂၁၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ်(ပြန်/ဆက်)