ဘူးသီးတောင် ဇွန် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ် ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု၊ ဂန္ဓမာကျေးရွာတွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဂန္ဓမာကျေးရွာ၊ သပြေတောကျေးရွာ၊ အင်းဖောက်ကျေးရွာနှင့် ကျောက်လှပြင်ကျေးရွာများရှိ ဒေသခံ ပြည်သူလူထုများအား (အခမဲ့) ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုကာ မိုးရာသီကာလ ပြည်သူများအနေဖြင့် ကျန်းမာရေး ဂရုစိုက်နေထိုင်ကြရန် ကျန်းမာခြင်းသည် လာဘ်တပါးဆိုသည့်အတိုင်း ကျန်းမာနေမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာမှန်သမျှ ရွှင်လန်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စုရှိ ဂန္ဓမာကျေးရွာ၌ လေဘေးသင့်ပြည်သူများအား တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆက်လက်ထွက်ခွာလာရာ လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လက်ဝဲဒက်ကျေးရွာ၊ ဒုံးချောင်ကျေးရွာ၊ ထင်ရှားပြင်ကျေးရွာနှင့် မော်နီကူကျေးရွာများမှ ကျေးရွာပြည်သူလူထုများ အားတွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး လေဘေးသင့် ပြည်သူများအား( ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြရာ အဆိုပါ လက်ဝဲဒက် ပြင်ရှည်ကျေးရွာအုပ်စုရှိ ကျေးရွာ(၈)ရွာရှိ လေဘေးသင့် ပြည်သူအိမ်ထောင်စု(၉၀)စုရှိ ကျား(၂၂၇)ဦး၊ မ(၂၅၃)ဦး စုစုပေါင်း (၄၈၀)ဦးတို့အား ဒုတိယအကြိမ်အဖြစ် ဆန်နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဘူးသီးတောင်မြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့လယ်ရေမြောင်းအား မြို့သန့်ရှင်းသာယာ လှပစေရေး မိုးရာသီကာလ ရေမြောင်းများ ရေပြည့်ရေလျှံမှုများ မဖြစ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ရေမြောင်းများ တူဖေါ်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)