ခရမ်းမြို့နယ်၌ Biometric စာရင်းကောက်ယူရေး လက်တွေ့ပြသခြင်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ခရမ်း ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Biometric ကောက်ယူရေး လက်တွေ့ပြသခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဗြဟ္မစိုရ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက ခရမ်းမြို့နယ်အတွင်း Biometric ကောက်ယူမည့်အခြေအနေအား ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးမောင်မောင်သန်းက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနအနေဖြင့် e-ID စနစ်အကြောင်း၊ e-ID စနစ်၏ အဓိကရည်ရွယ်ချက်၊ e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ အချက်အလက်များကောက်ယူရာတွင် အသုံးပြုမည့်စက်ပစ္စည်းများ၊ e-ID ၏ အကျိုးကျေးဇူးများအကြောင်းပြောကြားပြီး ခရမ်းမြို့နယ်တွင် ဇွန်လ၂၆ ရက်နေ့မှစတင်ကာ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများကို ဦးစား‌‌ပေးဆောင်ရွက်ပေးမှာဖြစ်‌ကြောင်း၊ ဒုတိယအဆင့်တွင် ကျောင်းသား/ကျောင်းသူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံဝန်ထမ်းများ၊ ပြည်သူလူထုတို့အား မြို့နယ်လဝကရုံးတွင် နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ E-Government Application များနှင့်တွဲဖတ်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်သည့်အတွက် ပညာ‌ရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင်သက်သေခံကတ်၊ ယာဉ်မောင်းလိုင်စင်စသည့်ဝန်ဆောင်မှု လုပ်ငန်းများ‌‌လျောက်ထားရာတွင် ပိုမိုလွယ်ကူစွာလျောက်ထားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခံစားရမှာဖြစ်ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက Biometric ကောက်ယူမည့် အစီအစဉ်များအားမေးမြန်းရာ တာဝန်ရှိသူမြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း ( ခရမ်း )