သံတွဲ ဇွန် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မိုးစပါး စိုက်ဧက ပြည့်မီရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀:၃၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လေဘေးသင့် ဒေသများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ဗိုလ်ချုပ်စိုးနိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် သံတွဲခရိုင်အတွင်း မိုးစပါး စိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်း ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ မျိုးစပါးနှင့် ဓာတ်မြေဩဇာရရှိမှုတို့ကို အလေးထား ဆောင်ရွက်ကြရန်နှင့် လယ်ယာ၊သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မွေးမြူရာမှ စီးပွားဖြစ် မွေးမြူကြရေးတို့ကို သက်ဆိုင်ရာ ဌာနများက အသိပညာပေး ပူးပေါင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် ခရိုင်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ တာဝန်ရှိသူများက သံတွဲခရိုင်အတွင်း မိုးစပါး စိုက်ဧက ပြည့်မီရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် သက်ဆိုင်ရာ ဌာနများက မြို့နယ်အလိုက် မိုးစပါး စိုက်ပျိုးလျာထားဧက၊ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထိုသို့ တင်ပြမှုများအပေါ် ဗိုလ်ချုပ်စိုးနိုင်ဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)