သုံးခွမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

သုံးခွ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲကစတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်(လဝက)ဦးစီးမှူးဦးမင်းသူနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမည်စာရင်းရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းကို (ရုံးပိတ်ရက်မှအပ) သတ်မှတ်စုရပ်နေရာတွင် (၃၂)ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်များကောက်ယူရန် လာရောက်ဆောင်ရွက်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်ပြီး ဇီဝဆိုင်အချက်အလက်(Biometric)ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင်သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း‌အောင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍  လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်