ကျောက်ဖြူ ဇွန် ၂၈
ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ဆေးရုံတက်ရောက်ကုသမှုခံယူရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးပြုလုပ်နေမှုအား စစ်ဆေးကာ MSME လုပ်ငန်း လုပ်ကိုင်နေသည့် ကြံတိုင်းအောင် ဆားကြိတ်စက်လုပ်ငန်းသို့ သွားရောက်လေ့လာအားပေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ ကျန်းမာရေး အခြေအနေအား မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ရှိ စွန့်ပစ်အမှိုက်ပုံကြီးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများမှ ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ MSME လုပ်ငန်းတစ်ခုဖြစ်သော နေလှန်းဆားကြမ်းမှ အိမ်သုံးအိုင်အိုဒင်းဆား ထုတ်လုပ်သည့် ကြံတိုင်းအောင် ဆားကြိတ်စက်လုပ်ငန်းသို့ သွားရောက်၍ မိုခါမုန်တိုင်းအပြီးကာလ လုပ်ငန်းရပ်တန့်မှုများ မရှိဘဲ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်နေသည့် ဆားထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်အား လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)