မိုင်းဖြတ်မြို့နယ်၌ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းဖြတ် ဇွန် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်ဖြတ်မြို့နယ်ဦးစီးမှူးရုံမှ e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် ဒုတိယအဆင့်ဖြစ်သည့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းအား အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းဖြတ်မြို့နယ် (Biometric) အချက်အလက်ကောက်ယူရေးအဖွဲ့မှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းနှင့် ယာယီစာရင်းကောက်ယူရေးဝန်းထမ်းများက ဦးတည်အုပ်စုများကို စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါ စာရင်းကောက်ယူနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဦးတည်အုပ်စုများဖြစ်သည့် ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့ ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များ၊ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ (တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ)အပါအဝင်၊ အကျဉ်းထောင်၊ အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများ၊ သံဃာတော်များ၊ သီလရှင်များနှင့် သာသနာ့ဝန်ထမ်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)