ဖားကန့် ဇွန် ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း ဥရုရတနာခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နှင့် ဖားကန့်မြို့မစခန်းမှူး ဒုရဲမှူးဟန်ဝင်းလှိုင်တို့က ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဖားကန့်မြို့နယ် မူးယစ်အထူးတပ်ဖွဲ့ အမှတ်(၅၃) အဖွဲ့စုမှူး ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို Power Point နှင့်တကွ ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပဟေဠိ မေးခွန်းများကို မေးမြန်းကာ ဆုငွေများပေးအပ်ခဲ့သည်။
ယင်းနောက်(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံး ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူ (၃၇)ဦးအား မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဖားကန့်မြို့မစခန်းမှူး၊ မူးယစ်အထူးတပ်ဖွဲ့ အမှတ်(၅၃) အဖွဲ့စုမှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနွယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ကိုကိုဦးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၏ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံး ပြိုင်ပွဲဝင်ကို ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၀၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)