ပန်းဘဲတန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပန်းဘဲတန်း  ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို သိရှိနိုင်စေရန်ရည်ရွယ်၍  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအနေဖြင့် သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သောအကြောင်းအရာများ၊ ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ ကွမ်းစားခြင်း၏ဆိုးကျိုးများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများကို ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ကျောင်းသား/ကျောင်းသူများအား  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ဦးဆန်းကြည်