ကျောက်ဆည် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာကျောက်ဂူတောရ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းရွှေ၊ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဦးနှင့် ဝန်ထမ်းများ၊ သံရွာ ရဲတပ်ဖွဲ့ စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ သံရွာကျေးရွာအုပ်ချုပ်ရေးမှူးဦးနိုင်မိုးသာ၊ သံရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများက ဒေသတွင်းစိမ်းလန်း စိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သံရွာကျေးရွာကျောက်ဂူတောရဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြည် သာယာလှပစေရန်ရည်ရွယ်၍ သရက်(၆၀၀)ပင်၊ သစ်ပိတောက်(၆၀၀)ပင်၊ မယ်ဇလီ(၂၀၀)ပင်၊ စိန်ပန်း (၁၀၀) ပင်၊ ကုက္ကို(၅၀၀)ပင်၊ မန်ကျီး(၂၀)ပင်၊ဒဟတ်(၃)ပင် ၊စုစုပေါင်း ပျိုးပင်(၂၀၂၃)ပင်ကိုစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တင်တင်ထွေး