မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှစီးပွားဖြင့်လုပ်ကိုင်နိုင်စေရန်  ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း၃၀၀ ဖြင့် ကျေးရွာ (၅)ရွာကို  ထုတ်ချေးပေးသွားမည်

မိတ္ထီလာ ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြင့်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ဖြင့် ကျေးရွာ ၅ ရွာကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ သိန်း၃၀၀ဖြင့် မိတ္ထီလာမြို့နယ် တောမကျေးရွာ အုပ်စု တောမကျေးရွာနှင့် မလှိုင်မြို့နယ် ဝါးခွကျေးရွာအုပ်စု ဝါးခွကျေးရွာ၊ ရေထွက်ကျေးရွာအုပ်စု ဖန်းခါးပင်ကျေးရွာတို့ကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ် လှိုင်းတက် ကျေးရွာအုပ်စု မယ်ဇလီကန်ကျေးရွာနှင့် ဝမ်းတွင်းမြို့နယ် ဖလန်ကျင်းကျေးရွာအုပ်စု သဖန်းပင် ကျေးရွာတို့တွင် ထုတ်ချေးသွားမည်ဖြစ်သည်။

အဆိုပါ ကျေးရွာ ၅ရွာရှိ ကျေးရွာသူကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကို ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင် ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)