ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့၌ တိုင်းရင်းသားလူငယ်များ သက်မွေးပညာ လုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး အခြေခံမုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်ပေး

မြစ်ကြီးနား ဇွန် ၂၈

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်/ မောင် မယ်များ သက်မွေးပညာများ တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေကာ မိသားစု ဝင်ငွေတိုးပွားရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများ ခွဲဝေချထားပေးပြီး သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အခြေခံမုန့်လုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ ကချင်၊ ရှမ်း၊ ဗမာ စသည့်တိုင်းရင်းသား မျိုးနွယ်စုအသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၂၀)ဦးတို့အား ဇွန် ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၂)ရက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ သင်တန်းကာလအတွင်း မြန်မာအစားအစာများဖြစ်သည့် အာလူးဆနွင်းမကင်း၊ ကြက်ဥပူတင်း၊ မုံလာဥနီဆနွင်းမကင်း၊ ပေါက်စီ၊ ကျောက်ကျောစသည့် အခြေခံမုန့်လုပ်နည်းများကို လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြများက တာဝန်ယူဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်