သပိတ်ကျင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်

သပိတ်ကျင်း အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့် (၂) ရှိသူများအား နိုင်ငံတော်မှထောက်ပံ့ငွေများကို ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများမှ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာများတွင် နိုင်ငံတော်အစိုးရက မသန်စွမ်းသူများအား စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ကြေးများကို သပိတ်ကျင်းမြို့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒေါ်ခင်ငြိမ်းဌေးနှင့် ဆိပ်ကမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီမြင့်တို့မှ မသန်စွမ်းတစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်စီအား လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေစကာ၊ ဆင်မွှေး၊ (၇)မိုင်၊ သပိတ် ကျင်း၊ ရေလည်ကျွန်း၊ ရွှေမြေကျွန်း၊ အင်းနက်ကျေးရွာများရှိ မသန်စွမ်းသူ (၇)ဦးအား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)