တာမွေ ဇွန် ၂၈
(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ထူးချွန်ဆုရရှိကြသူများနှင့် အထူးဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက “မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို အလေးအနက်ထားပြီး ကျောင်းသားလူငယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းလာစေဖို့အတွက်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ နှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၂၆)ကြိမ်ရှိပြီဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်တွင် မူးယစ်ဆေးဝါးကင်းစင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် လူငယ်များ၏ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားရမှာဖြစ်ပါကြောင်း” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုအား ပြသခဲ့သည်။ ဆက်လက်၍ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ(ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲထူးချွန်ဆုရွေးချယ်ရေး အကဲဖြတ်ဒိုင်အဖွဲ့များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ထူးချွန်ဆုရရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး ခန်းမအတွင်း ပြသထားသော (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲသည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပထမဆု(၇)ဆု၊ ဒုတိယဆု(၅)ဆု၊ တတိယဆု(၄)ဆုနဲ့ အထူးဆု(၁၃)ဆု စုစုပေါင်းထူးချွန်ဆု(၂၉)ဆုနှင့် (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲတွင် ထူးချွန်ဆု(၇၈)ဆုနှင့် အလွတ်တန်းပြိုင်ပွဲတွင် ထူးချွန်ဆု(၁၄)ဆုစသည်ဖြင့် ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)