ရပ်စောက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထွေထွေဗဟုသုတပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရပ်စောက် ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉:၃၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလယ်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲကိုကျင်းပရာ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မွန်း(၁:၀၀)နာရီတွင် ဆက်လက်ကျင်းပရာ ရှေးဦးစွာ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများက မူးယစ်အန္တရာယ်ဒို့ကာကွယ်၊ ဆေးလိပ်ကစလို့ရှောင်ကြစို့ ကဗျာများဖြင့် ရွတ်ဆို၍ ယှဉ်ပြိုင် ခဲ့ကြသည်။ ၎င်းနောက် အထွေထွေဗဟုသုပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူ(၁၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆုမွန်