ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့်ဖျော်ဖြေရေးအစီအစဥ်များဆောင်ရွက်

ရန်ကုန်  ဇွန် ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့်ဖျော်ဖြေရေးအစီအစဥ်များ၊ နံရံကပ်စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယမန်နေ့နံနက်ပိုင်းတွင် အလုံမြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်က မုဒိတာစကားပြောကြားသည်။

ဆက်လက်၍တရားလွှတ်တော်ရှေ့နေဦးထင်ဇော်လတ်ကမူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်၊ ပြစ်မှုဆိုင်ရာဥပဒေများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်နှင့်စပ်လျဥ်းသည့် မူးယစ်ဆေးဝါးဆိုင်ရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက်ဟာသ သရုပ်ဆောင်ဒဲ့ဒိုးနှင့် အနုပညာရှင်များကတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ကျောင်းသား၊ ကျောင်းသူများကပျော်ရွှင်စွာအားပေးကြသည်။

ထို့နောက် အလုံမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူးကဦးအောင်နိုင်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားတက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုင်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)