မန္တလေး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှမန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ဥပုသ်တော်ရပ်ကွက်နှင့် အမရဌာနီအရှေ့ရပ်ကွက်တို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကြောင့် အသွားအလာ ကန့်သတ်ထားသည့် နေရာများ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီခွဲက ဥပုသ်တော် ရပ်ကွက်ရှိ လင်းဇင်းဓမ္မာရုံတွင် ပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာ ယုယုမေ၏ စီစဉ်လမ်းညွှန်မှုဖြင့် ဥပုသ်တော်ရပ်ကွက်ရှိ အိမ်ထောင်စု(၂၂၄)စုနှင့် အမရဌာနီအရှေ့ ရပ်ကွက်ရှိ အိမ်ထောင်စု(၄၃)စုတို့မှ လူဦးရေ(၁၀၀၀)ကျော်အတွက် တစ်ဦးလျင် ဆန်(၁)ပြည်၊ ဆပ်ပြာ(၁)ခဲ၊ နှာခေါင်းစည်း(Mask)(၅)ခု၊ ဟန်းဂျယ်လ် (၃)ခုစီတို့အား တိုင်းအမျိုးသမီး ကော်မတီဝင် ဒေါ်လှိုင်ယဉ်နွယ်နှင့် မြို့နယ်အမျိုးသမီး ကော်မတီဝင်များက ထောက်ပံ့ ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူပြီး ၎င်းတို့မှတဆင့် ရာအိမ်မှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံပေးဝေခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)