ပေါက်တော ဇွန် ၂၇
ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ် အထက် KG သား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပေါက်တော)တွင်စုရပ်ထားပြီး စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များက ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
ပေါက်တောမြို့၌ အသက်(၅) နှစ် အထက် KG ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၉၃ ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာခြင်း ပြုလုပ်ပြီးမှ စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)