ချမ်းမြသာစည်မြို့နယ်( Community Centre )ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ချမ်းမြသာစည် ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း ၍ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်နေသည့် ကျောင်းတွင်းအခမ်းအနားများ၊ဌာနဆိုင်ရာအခမ်းအနားများ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာမများနှင့်  ကျောင်းသား/သူများ ကိုယ်တိုင်အခမ်းအနားမှူးအဖြစ် စနစ်တကျ အောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ် ၍ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါမြို့နယ်ရုံး၏ (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုကအဖွင့်အမှာစကားပြောကြား ပြီး‌‌နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းအား ဆက်လက်ပို့ချခဲ့ရာ အခမ်းအနားမှူးကောင်း တစ်ယောက်ဖြစ်စေရန် ဝတ်စားဆင်ယင်မှု၊ စကားအပြောအဆို၊ သတိထားရမည့်အချက်များ၊ လိုက်နာရမည့်စည်းမျဉ်းများ စသည့် အကြောင်းအရာများကို ရှင်းလင်းပို့ချသည်။ ထို့နောက် တက်ရောက်လာကြသော သင်တန်းသူများကလည်း သိရှိလိုသည့် အ‌ကြောင်းအရာများကို အပြန်အလှန်မေးမြန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို (၃)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာများတွင် အခမ်းအနားမှူးပြုလုပ်ရန် စိတ်ပါဝင်စားသည့် ‌ဆရာမများနှင့် ဝန်ထမ်း(၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)