မိုင်းယောင်းမြို့နယ်တွင် နှာခေါင်းစည်းတပ်၍ သွားလာရေး Mask Campaign ပြုလုပ်ပြီး မတပ်ဆင်သူများကို ဒဏ်ငွေစနစ်ဖြင့် ဝယ်ယူတပ်ဆင်ရေး ကြပ်မတ်စစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့သည် နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှုကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ဗလမင်းထင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့သည်။

Mask Campaign လှုပ်ရှားမှုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်သွား လာသူတိုင်း နှာခေါင်းစည်းတပ်ရေး ကြပ်မတ်စစ်ဆေးပြီး၊ မတပ်ဆင်ဘဲ သွားလာသူများကို ဒဏ်ငွေနှစ်ရာကျပ်ဖြင့် နှာခေါင်းစည်း(Mask)ကို ယခုဝယ်၊ ယခုတပ်၍ သွားလာစေခဲ့ကြောင်း သိရသည်။

“မိုင်းယောင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် မျိုးဆက်သစ်ရောင်နီပရဟိတလူမှုကူညီရေး အသင်းဝင်တို့က ပြည်သူတွေ အပြင်ထွက်တဲ့အခါမှာ  နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာဖို့အတွက် ပူးပေါင်းဆောင်ရွက် တာဖြစ်ကြောင်း”  Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

Mask Campaign လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်ခြင်းကြောင့် မိုင်းယောင်း မြို့နယ်အတွင်း အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်သူ များလာကြောင်း Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

အားချာ(ပြန်/ဆက်)