ရွှေပြည်သာမြို့နယ်တွင် ကိုယ်ရေးအချက်အလက်(Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေး

 ရွှေပြည်သာ ဇွန် ၂၇

နိုင်ငံသားကိုယ်ရေးအချက်အလက်မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်း ရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID)နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းကို ဇွန်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ နေ့စဉ် စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်(မပါ) နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ သတ်မှတ်စုရပ်နေရာများတွင်ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ဆောင်ရွက်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database  တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့်( Unique ID ) နံပါတ်ပါကတ်ပြားများကိုနေ့ချင်းပြီးထုတ်ပေးပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ရွှေပြည်သာမြို့နယ်တွင် ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့်တပ်ရင်းတပ်ဖွဲ့များကိုလည်း အလှည့်ကျစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

အေးအေးမိုး(ပြန်/ဆက်)