တကောင်း ဇွန်၂၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်က အခြေခံပညာမူလတန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နိုင်စေရန် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရေလုံ လောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေစင်ဆောက်လုပ်ပေးနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် ကာလဖြစ်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးစသည့် ကျောင်းဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကူညီဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် နယ်မြေ စခန်းမှူးရဲအုပ်အောင်ကိုဝင်းက ကျောင်းလုံခြုံရေး၊ ကျောင်းသား၊ ကျောင်သူများ ကျောင်းတက်၊ ကျောင်းဆင်းချိန် လုံခြုံရေးပေးနိုင်မှုအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားမိဘများက ကျောင်းလိုအပ်ချက်များအား တင်ပြ ဆွေးနွေးကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်၊ နယ်မြေစခန်းမှူးရဲအုပ် အောင်ကိုဝင်း၊ မီးသတ်ဦးစီးမှူးဦးမျိုးသူ၊ မြို့မိ၊ မြို့ဖများ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ် ဆရာကြီးနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)