ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်​

ဒဂုံဆိပ်ကမ်း ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၀)နာရီမှစတင်၍  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအေးကျော်နှင့်ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက်စိစစ်ကောက်ယူ၍ Database တွင်သိမ်းဆည်းကာ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကိုစိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့ အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အေးမဥ္ဇူ