တံတားဦး ဇွန် ၂၇
၂၀၂၃-ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ကွင်းအမှတ်(၁၃၁၅)ကွင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူ ဦးကျော်ဝင်း၏ (၁.၂)ဧကကွက်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်တာဝန်ရှိသူများက ကွင်းဆင်းစိုက်ပျိုးကြကြောင်း သိရသည်။
နေဗီယာမြက်စိုက်ပျိုးပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ ဇော်မင်းဦးက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူသည့် ,စနစ်သို့ ကူးပြောင်းပြီး တိရစ္ဆာန်မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြု နိုင်ပါကြောင်း၊ အစာရေစာရှားပါးသော ဒေသများနှင့် အစာဖိုးကုန်ကျစရိတ် မြင့်တက်နေချိန်တွင် ဖြည့်စွက် အစာစိမ်းအနေဖြင့် (ဖွဲနု ၊ ပဲပတ် ၊ နှမ်းဖတ်) အစရှိသည့်ဒေသထွက် အစာနုနှင့် ရောစပ် ကျွေးခြင်းဖြင့် တိရစ္ဆာန်များအတွက် အာဟာရ ပြည့်ဝစွာ ရရှိခြင်း၊ ထုတ်လုပ်မှုကောင်းစွာရရှိခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားသည် ။
နေဗီယာမြက်ကို စိုက်ပျိုးသည့်ရက်မှ တစ်လပြည့်လျှင် ရိတ်ကျွေးနိုင်ပြီး (၂၁)ရက်ကြာလျှင် ပြန်လည် ရိတ်ကျွေးနိုင်ကြောင်း၊ နေဗီယာမြက်သည် မြေစိုစွတ်သည့် ဒဏ်ကိုခံနိုင်ရည်ရှိပါကြောင်း၊ တစ်ခါ စိုက်ပျိုးပြီးလျှင် အနည်းဆုံး(၈)နှစ်အထိ ရိတ်ကျွေးနိုင်ကြောင်း ၊ နေဗီယာမြက် တစ်ဧကလျှင် အပင်ရေ (၁၀၀၀၀)မှ(၁၂၀၀၀)ထိစိုက်ပျိုးနိုင်ကြောင်း၊ တံတားဦးမြို့နယ်တွင် နေဗီယာမြက် စိုက်ပျိုးသည့် ဧက (၂၀)ကျော် ရှိကြောင်း “တိရစ္ဆာန် အစာနေဗီယာမြက်မှာ အသားဓါတ် ပါဝင်မှု (၆) ရာခိုင်နှုန်းမှ (၁၄)ရာခိုင်နှုန်းထိ ပါဝင်သည့်အတွက် အသားဓာတ် ပိုမိုရရှိပြီး ၊ ကျွဲ ၊ နွား ၊ ကြက် ၊ ဝက် ၊ ဆိတ်နှင့် တိုင်းရင်းသားကြက်တွေကိုပါ တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးနိုင်ပါတယ် ၊ ဆန်ကွဲ ၊ ပဲကြမ်း ၊ ဖွဲနုများနှင့် ရောစပ်ပြီးလည်း ကျွေးနိုင်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာဇော်မင်းဦးက ပြောကြားသည် ။
ရဲတင့်(ပြန်/ဆက်)