မန္တလေး ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ရွှေအင်းဝဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်မှုပြိုင်ပွဲဝင် ဝတ်အသင်းများအား ဂုဏ်ပြဆုများချီးမြှင့်ပြီး ပထမဆုရရှိသော ပုသိမ်ကြီးမြို့နယ် ဝတ်အသင်းကို ခရိုင်ဥက္ကဋ္ဌက ဆုနှင့်ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဆုများ ရရှိကြသော ဝတ်အသင်းကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်အုန်းမြကလည်းကောင်း၊ တတိယဆုရရှိသော ဝတ်အသင်းကို အဖွဲ့ဝင် ဦးတင်မောင်ဝင်းကလည်းကောင်း အသီးသီးဆုများချီးမြှင့်ပေးကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အောက်မြေသာစံ၊ မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်နှင့်ခရိုင် ဝတ်အသင်းများမှ ဝတ်ရွတ်ပြိုင်ပွဲဝင်အသင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)