ညောင်ဦး ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဖူးမြော်ပြီး ဗောဓိပက္ခိယတရား(၃၇)ပါးသရုပ်ဖော်တည်ထားသည့် စေတီငယ် (၃၇)ဆူတည်ထားမှုအားလေ့လာနိုင်ကြောင်းသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မနုဟာဘုရားကို သထုံပြည့်ရှင် မနုဟာမင်းသည် ခရစ်နှစ် (၁၀၅၉)ခုနှစ်တွင် အနော်ရထာမင်း၏ စစ်သုံ့ပန်းအဖြစ် အကျဉ်းချခံရစဉ် ကတည်းကတည်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ဟိန္ဒူဘုရားကျောင်းခံပုံစံဖြစ်ပြီး ပစ္စယာများအပေါ်တွင် ဗောဓိပက္ခိယတရား (၃၇)ပါးသရုပ်ဖော်တည်ထားသည့် စေတီငယ် (၃၇)ဆူတည် ထားသည်ကိုဖူးတွေ့နိုင်ပြီး ဂူဘုရား အလယ်တွင် ထိုင်တော်မူဆင်းတုကြီးတစ်ဆူနှင့်ဘေး တဘက်တချက်တွင် ဆင်းတုအလတ် တစ်ဆူစီရှိပြီး အနောက်ဘက်တွင် ပရိနိဗ္ဗာန်စံတော်မူဟန် ရှင်ပင်သာလျောင်းတစ်ဆူ တည်ထားသည်။ ဆင်းတုတော်များမှာလိုဏ်ဂူတော်နှင့်ဉာဏ်တော် အချိုးအစားမမျှ ပြည့်ကြပ်လျက်ရှိပြီး တည်ဆောက် သူ ဒါယိကာမင်း ၏စိတ်ခံစားချက်ကို သရုပ်ဖော်တည်ဆောက်ထားဟန်ရှိကြောင်း လေ့လာတွေ့ရှိနိုင်သည်။
မနုဟာဘုရား၏ မြောက်ဘက်တွင် မင်္ဂလာစေတီ၊ အရှေ့မြောက်ဘက်တွင် မြစေတီ၊ ဂူပြောက်ကြီးဘုရား၊ ရွှေစေတီ၊ တောင်ဘက်တွင် အပါယ်ရတနာဘုရား၊ နဂါးရုံဘုရား၊ ကျောက်မျက်မှော် ဘုရား၊ စိမ်းညက်အမဘုရား၊ ပျူဘုရားသုံးဆူတန်းဘုရားများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲတွင်ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှုပုံစံအမျိုးမျိုး တို့ဖြင့် ဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း