မအီမြို့ ဆံထုံးကျေးရွာတွင် ကိုယ်ထူကိုယ်ထ ရွာလယ်ချောင်းတံတားဖွင့်ပွဲ ကျင်းပ

မအီ ဇွန် ၂၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာတွင် မိုးတွင်းကာလ သွားလာရ လွယ်ကူစေရေးအတွက် ကိုယ်ထူကိုယ်ထ စုပေါင်းတည်ဆောက်ခဲ့သည့် ရွာလယ်ချောင်းတံတားဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တံတားတည်ရှိရာ ရွာလယ်ချောင်း၌ ကျင်းပခဲ့သည်။

ဖော်ပြပါ ရွာလယ်ချောင်းတံတားကို မိုးတွင်းကာလ၌ ဒေသခံပြည်သူများ သွားလာရ လွယ်ကူစေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ကျောင်းဆင်း အဆင်ပြေစေရေးတို့ကို ရည်ရွယ်လျက် တောင်ပေါ်ရွာနှင့် အောက်ရွာအကြားရှိ တောင်ကျချောင်းကို ဖြတ်သန်း၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တံတားဖွင့်ပွဲ အခမ်းအနားကို ပင့်ဖိတ်ထားသည့် ဆရာတော် သံဃာတော်များက မေတ္တာသုတ် တရားတော်နှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို တံတားပေါ်၌ပင် ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြပြီး ဆရာတော် သံဃာတော်တို့အား နဝကမ္မ လှူဖွယ်များနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဖိတ်ကြားထားသည့် ရပ်နီးရပ်ဝေး ဧည့်သည်များနှင့် ရွာသူရွာသားများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

တောင်ပေါ်ရွာနှင့် အောက်ရွာဟူ၍ ဒေသအခေါ်အရ ရွာနှစ်ရွာ ကွဲပြားနေသော်လည်း ဆံထုံးကျေးရွာ တစ်ရွာတည်းပင် ဖြစ်ပါကြောင်း၊ ထိုသို့ ပေါင်းကူးတံတား တည်ဆောက်ဖွင့်လှစ်ခြင်းကို ယခုနှစ်မှ စတင်၍ ပထမအကြိမ်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆံထုံးကျေးရွာ ရာအိမ်မှူး ဦးစိန်ခိုင်မှ ဦးဆောင်၍ စေတနာရှင် အလှူရှင်များ၊ ကျေးရွာအတွင်းရှိ လူပျိုအပျိုများ၏ စည်းလုံးမှုအားတို့ဖြင့် ကိုယ်ထူကိုယ်ထ တံတားဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတားအရှည်မှာ ပေ(၁၀၀) ဖြစ်ပြီး အကျယ် (၉) ဖြစ်ကြောင်း၊ တံတားပြီးဆုံးသည်အထိ ကုန်ကျငွေမှာ ကျပ်သိန်း (၆၀)ခန့် ရှိပါကြောင်းတို့ကို လက်ပံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းတင်က ပြောကြားသည်။

မောင်မောင်ဌေး(ပြန်/ဆက်)