ပုဏ္ဏားကျွန်း ဇွန် ၂၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၄)နာရီက အဆိုပါကျောင်းခန်း ဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ပညာထက်မြက်စေရေးအတွက် အားကစားနည်းများကို အားလပ်ချိန်တွင် အကျိုးရှိရှိ အသုံးချကြစေရေးအတွက် အားကစားကဏ္ဍဆိုင်ရာ အသိပညာဗဟုသုတများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက “ဘက်စုံထူးချွန် လူရည်ချွန်” ခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများ ကြွယ်ဝပြီး၊ ဘက်စုံထူးချွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန် သုတ၊ ရသစာပေများကို လေ့လာဖတ်ရှုကြရမည့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ “ပညာတံခွန်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)