ရသေ့တောင်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့ပေါ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရသေ့တောင်  ဇွန် ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့ပေါ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ဗိုလ်ချုပ်အောင်မျိုးထွန်းက မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေကြသည့် ကော်မတီဝင်များ၏ လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ လျှပ်စစ်မီး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးများအား ထိုက်သင့်သလောက် ဆောင်ရွက်ကြသည်ကို တွေ့ရှိရကြောင်း ဆက်လက်ပြီး စိုက်ပျိုးရေးအတွက် မျိုးစပါးများ ရောက်ရှိလာပါက စိုက်ပျိုးချိန်မီ တောင်သူများလက်သို့ ရောက်ရှိရေး ကြိုးပမ်းကြရန်၊ သာသနိကအဆောက်အဦများအား နဂိုမူလအတိုင်း အမြန်ဆုံး ရောက်ရှိရေး ကြိုးပမ်းကြရန် ပြောကြားပြီး သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီများနှင့် ဌာနဆိုင်ရာများမှလည်း မိမိတို့ လုပ်ငန်း​ဆောင်ရွက်ချက်များအပေါ်အခက်အခဲများရှိက တင်ပြဆွေးနွေးကြရန် ပြောကြားသည်။

ဆက်လက်ပြီး သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီများနှင့် ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)