မိုးမိတ် ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ကျော်လွင်နိုင်က လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စ တစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြှားစေခြင်း၊ ကျွန်ပြုခြင်းကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာအစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည့်တို့ကို ပြုလုပ်ရာ၌ ငွေကြေးကိုသော် လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတရာကို သော်လည်းကောင်း လက်ခံခြင်း (သို့မဟုတ်) လက်ခံရ ယူရန် သဘောတူခြင်းတို့ဖြစ်သည် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးပိုင်းစိုးဦးက လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှု ဖြစ်ပွားလေ့ရှိသည့်အခြေအနေများနှင့် ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ကာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုလင်းသက်က အမျိုးသမီးအကြမ်းဖက်မှု ဖြစ်ပေါ်လာပါက မိမိတို့လူမှုဝန်ထမ်းဦးစီးဌာက ကျန်းမာရေးချိတ်ဆက်မှုပေးခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပါက လိင်မှတဆင့်ကူးစက်တတ်သောရောဂါများနှင့် အခြားကူးစက် တတ်သောရောဂါများမှ ကာကွယ်မှုရှိစေရန် ချိတ်ဆက်ညွှန်ကြားပေးခြင်း၊ ယာယီလုံခြုံရေးနေရာများ ဆောင်ရွက်ပေးခြင်း၊ တရားရေးဆိုင်ရာကိစ္စရပ်များ ချိတ်ဆက်ပေးခြင်းလူမှုရေးဆိုင်ရာပံ့ပိုးကူညီမှုပေးခြင်းနှင့် အခြားဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးသွားဖြစ်ပြီး အသိဥာဏ်ပညာတိုးပွားစေရေးအတွက် စာပေများဖတ်ရှုလေ့လာသင့်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းခဲ့ကြရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)