ကျောက်ဆည် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျွဲ၊နွားများတွင် ဖြစ်ပွားတတ်သည့် ခွာနာ၊လျှာနာရောဂါများကင်းဝေးစေရေး ကြိုတင်ကာကွယ်ဆေးများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ အခမဲ့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ကွင်းဆင်းဆောင်ရွက်ထိုးနှံရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးနှင့်ဝန်ထမ်းများ၊ အခြေခံတိရိစ္ဆာန်ကျန်းမာရေး လုပ်သားများက ကတဲကျေးရွာ တောင်သူဦးရဲစိုးနွားခြံသို့သွားရောက်ပြီး ခွာနာ၊လျှာနာဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်းနှင့် ကျွဲနွားမွေးမြူသူများအနေဖြင့် မိမိတို့၏ကျွဲနွားများအား ကာကွယ်ဆေးများ ထိုးနှံလိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှနှင့် ချိတ်ဆက်ပြီး စာရင်းပေးထိုးနှံနိုင်ကြောင်း သိရသည်။
တင်တင်ထွေး