ရမည်းသင်းခရိုင်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရမည်းသင်း   ဇွန်၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့်စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များစာပေ ဖတ်ရှုသည့်အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်ဝေသည့်အတွဲ-၂၀၊ အမှတ်-၁၂၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၅)ရက်  နေ့ထုတ်ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာ သိင်္ဂီမေ ရေးသားသည့် "  မူးယစ်ကင်းစင်သောဘဝ သာယာလှပအေးချမ်းရ "ဆောင်းပါးကို Book Club အသင်း ဥက္ကဋ္ဌ ဦးမျိုးလွင်၊ အဖွဲ့ဝင်ဦးအောင်ဝင်းနှင့် Wonam Club အသင်း အဖွဲ့ဝင်ဒေါ်မိက တို့မှ ဖတ်ကြားပြီး ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးအန္တာယ်များကို အသီးသီးပြန်လည်မျှဝေဆွေးနွေးခဲ့ ကြပြီးမြို့နယ်Book Club အသင်း ဥက္ကဋ္ဌ ဦးမျိုးလွင်မှ စာဖတ်ခြင်းဖြင့်သုတ၊ရသ ခံစားမှုကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲ၌ စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)၊(Wonam Club) အသင်းနှင့်အခြေခံပညာကျောင်းများမှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၃၆)ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လစဉ် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဝင်းအောင်