မိုင်းကိုင် ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း e-ID စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက တာဝန်ယူကာ ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးတည်ရာအုပ်စုအလိုက် အမည်စာရင်းရယူထားသော နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မှီခိုသူမိသားစုဝင်များ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ ဘုန်းကြီး၊ သီလရှင်များနှင့် သာသနာ့ဝန်ထမ်းများအား ဦးစားပေး၍ ၎င်းတို့၏ Biographic Data နှင့် Biometric Data များကို ကောက်ယူခြင်း၊ Database တွင်သိမ်းဆည်းခြင်းများ ဆောင်ရွက်ပြီး ဂဏန်း(၁၀)လုံးပါ Unique ID ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိသည်။
အဆိုပါ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို သက်ဆိုင်ရာ ရုံး၊ ဌာန၊ အခြေခံပညာကျောင်းများနှင့် စုရပ်များတွင် နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ စီမံချက်ကာလ ၁၅၉ ရက်အကြာ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)