ကျောက်ပန်းတောင်း ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို၊ ဇွန်လ(၂၆)ရက်နေ့ မွန်းလွဲ (၂)နာရီက ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း သုခါဝါသဆောင်တွင် ကျင်းပပြုလုပ်ရာ၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင် တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအတွက် ရရှိသည့် နိုင်ငံ့စီပွား မြှင့်တင်ရေးရန်ပုံငွေ ကျပ်(၈) ဘီလီယံအနက်မှ ညောင်ဦးခရိုင်အတွက် ခွဲဝေရရှိမှုအခြေအနေနှင့် စိုက်ပျိုးရေး/မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားများဖြစ်သည့် (MSME) လုပ်ငန်းများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ခွဲဝေထုတ်ချေးပေးသွားမည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။ ယင်းနောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်တို့က ထုတ်ချေးပေးသွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မြို့နယ်စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲရေး၊ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ကိုင်းကျေးရွာ စီမံကိန်း ကြီးကြပ်မှု ကော်မတီအဖွဲ့နှင့် မကျီးတိုင်းကျေးရွာအုပ်စုကော်မတီထံသို့ လွှဲပြောင်းပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယနေ့ထုတ်ချေးပေးရာတွင် ကိုင်းကျေးရွာအုပ်စုမှ တောင်သူ (၁၁)ဦးအတွက် ငွေကျပ် သိန်း(၁၄၀)၊ မကျီးတိုင်းကျေးရွာ တောင်သူ(၁၁)ဦးအတွက် ငွေကျပ် (၅၄)သိန်း စုစုပေါင်း တောင်သူ(၂၂)ဦးအတွက် ငွေကျပ် (၁၉၄)သိန်း ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် ကျပ်သိန်း(၆၀၀)၊ MSME လုပ်ငန်းများအတွက် ကျပ်သိန်း(၄၀၀) စုစုပေါင်း ကျပ်သိန်း (၁၀၀၀) ရရှိကြောင်းနှင့် စိုက်ပျိုးရေးတောင်သူများနှင့် MSME လုပ်ငန်းလုပ်ကိုင်သူများအား စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့အခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)