လားရှိုးမြို့တွင် မော်တော်ကားများဖြင့် ရွေ့လျားစားသောက်ဆိုင်များ ဖွင့်လှစ်လာမှုများလာ

လားရှိုး ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယခုနှစ်အတွင်း မော်တော်ကားများဖြင့် ရွေ့လျားစားသောက်ဆိုင်များ ဖွင့်လှစ်လာမှုများလာကြောင်း သိရသည်။

လားရှိုးမြို့ရှိ လူသွားလူလာများသည့် လမ်းဆုံလမ်းမငယ်များ၊ မြို့တွင်းလမ်းမကြီးများနှင့် မနီးမဝေး လမ်းသွယ်များတွင် မော်တော်ကားများဖြင့် ထမင်းဆိုင်များ ၊အအေးဆိုင်များ ၊ကော်ဖီဆိုင်များ ဖွင့်လှစ်လာမှုများလာကြောင်း သိရသည်။

“ကျွန်မတို့က လမ်းမကြီးနဲ့မဝေးလှတဲ့နေရာမှာ ကားလေးရပ်ပြီး ထမင်း၊ ဟင်းတွေ ရောင်းတာပေါ့။ အခုက ကုန်ဈေးနှုန်းတွေကလည်း ကြီးမြင့်တော့ တွက်ချေကိုက်အောင် လူတိုင်းလည်း စားနိုင်အောင် ရောင်းပေးတယ်။ ဥပမာအားဖြင့် ကျွန်မတို့ဆိုင်က မနက်ဆယ်နာရီလောက်ဆိုဖွင့်တယ်။ ရုံးဝန်ထမ်း တွေလည်း တစ်ထောင်၊ နှစ်ထောင်ဖို့နဲ့ ဟင်းဖြစ်အောင်ရောင်းပေးတယ်။ ဈေးသိပ်မကြီးတော့ ဘယ်သူမဆို ဝယ်ယူစားသုံးနိုင်တာပေါ့။” ဟု  မော်တော်ယာဉ် ဖြင့်  ထမင်းဆိုင်ဖွင့်လှစ်ထားသည့် ဈေးသည်တစ်ဦးက ပြောသည်။

မော်တော်ယာဉ်ဖြင့် ဈေးရောင်းချသူများအများစုသည် လူသွားလူလာများသည့် မြို့တွင်း လမ်းမကြီးများနှင့် အနီးလမ်းသွယ်များတွင် ရောင်းချမှုများပြီး အများစုမှာ ထမင်းဟင်းဆိုင်များ၊ ကော်ဖီဆိုင်များ ဖွင့်လှစ်မှုများကြောင်း သိရသည်။

စိုင်းထွန်း ( လားရှိုး )