မုံးကိုးမြို့၌ အ.ထ.ကကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်‌မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲကျင်းပ

မုံးကိုး ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်‌မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများအတွက် ဆုပေးပွဲကို ယမန်နေ့နံနက်(၉)နာရီတွင် မုံးကိုးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါဟောပြောပွဲတွင် အုပ်ချုပ်ရေးမှူး ဦးလျံရှင်မုံး၊ ကွတ်ခိုင်(၃) ပြည်သူ့စစ်ဦးထန်စီ၊ ကချင်စာပေနှင့်ယဥ်ကျေးမှုကော်မတီမှ ဦးဒီဒီနောင်လတ်နှင့် မုံးကိုးရဲစခန်းမှူး ရဲအုပ်သောင်းထွန်းတို့က ကျောင်းသား/သူများအတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဆိုးကျိုးများ၊ သိသင့်သိထိုက်သော မူယစ်ဆေးဝါးများ၊ မူယစ်ဆေးဝါးသုံးသူ၏ လက္ခဏာများအား သိရှိနားလည်စေရန် အသိပညာပေးဟောပြောခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်‌မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်များအတွက် ပြိုင်ပွဲဝင်သူများသည် အခြေခံပညာအထက်တန်းနှင့် မြို့တွင်အလယ်တန်းကျောင်းများမှ လာရောက်ယှဥ်ပြိုင်ကြပါသည်။

ယှဥ်ပြိုင်သူများမှာ အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူပေါင်း(၄၈)ဦးရှိပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပန်းချီ၊ ကာတွန်းနှင့် စာစီစာကုံးဖြင့် ယှဥ်ပြိုင်ခဲ့ကြသည်။ ထိုသို့ယှဥ်ပြိုင်ခဲ့ရာမှ ပြိုင်ပွဲတွင် ဆုရရှိသူများ(၁၂)ဦးကို မြို့အုပ်ချုပ်ရေးမှူး ဦးလျံရှင်မုံး၊ မုံးကိုးရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးထင်ထွန်း၊ လဝကဦးစီးမှူး ဦးညီလေး၊ ကွတ်ခိုင်(၃) ပြည်သူ့စစ်ဦးထန်စီတို့က ဆုများကိုချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားပြီးဆုံးချိန်တွင် မုံးကိုးနယ်မြေရဲစခန်းက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင်၊ ဓါတ်ပုံမှတ်တမ်းများနှင့် ဆုရစာစီစာကုံးနှင့်ပန်းချီ၊ ကာတွန်းများကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။    

မေစံပယ်ဖူး (မုံးကိုး)