လားရှိုး ဇွန်၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၆)ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်တုရင်ကလပ်တွင် ကျင်းပသည်။
ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲ အလွတ်တန်းတွင် ပထမဆု သီဟဇော်(လားရှိုး)၊ ဒုတိယဆု စိုးဝင်နိုင် (မန္တလေး)၊ တတိယဆု အောင်အောင်ထွန်း(လားရှိုး)နှင့် အသက် ၁၅ နှစ်အောက်ပြိုင်ပွဲတွင် ပထမဆု မဟေကိုလွင်၊ ဒုတိယဆု စိုင်းဘုန်းမြတ်ဝန်း၊ တတိယဆု စိုင်းနေမြတ်မင်းတို့က ရရှိခဲ့ကြပြီး ဒေသခံစစ်တုရင် ကစားသမားဆုကို ဦးတိုးလွင်သိန်းတို့က ရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲကို အသက် ၁၅ နှစ်အောက်နှင့် အလွတ်တန်းပြိုင်ပွဲဟူ၍ နှစ်မျိုးယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကာလမှာ ၄ ရက်ကြာ မြင့်ကြောင်း သိရသည်။
ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲသို့ လားရှိုးမြို့ရှိ စစ်တုရင်အားကစားသမားများအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များ စစ်တုရင်ဝါသနာရှင်များလည်း လာရောက်ယှဉ်ပြိုင်ကြပြီး ဆုကြေးငွေများအဖြစ် ပထမဆု နှစ်သိန်းငါးသောင်းကျပ်၊ ဒုတိယဆုတစ်သိန်းငါးသောင်းကျပ်၊ တတိယဆု တစ်သိန်းကျပ်အဖြစ် ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )