ညောင်ရွှေမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဇွန် ၂၇

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာအုပ်စု၊ မုခ်ထုပ်ဘုန်းတော်ကြီးကျောင်း ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဝင်းမျိုးဟိန်းက ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုစီးပွားဖွံ့ဖြိုးကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍  ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံ ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်