ကျောက်တော်မြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား စပါးမျိုးစေ့နှင့် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ကျောက်တော် ဇွန် ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးရာသီတွင် မိုးစပါး စံပြကွက်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများ စိုက်ပျိုးမည့် တောင်သူများအား စပါးမျိုးစေ့နှင့် ဓါတ်မြေသြဇာ ထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ်အောင်သူဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က အမှာစကား ပြောကြားသည်။ ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က မျိုးစပါးနှင့် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မျိုးစပါးနှင့် ဓါတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကျေးရွာအုပ်စု (၅) အုပ်စုမှ တောင်သူ (၆၇) ဦးအား ပေါ်ဆန်းရင် မျိုးစပါး(၁၀၀)တင်း၊ ဆင်းသွယ်လတ် မျိုးစပါး (၈၀) တင်း၊ GW-11 (၇၀)တင်းနှင့်  ယူရီးယားဓာတ်မြေသြဇာ (၁၂၅)အိတ်ကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူဖြူဝင်း (ပြန်/ဆက်)