တောင်သာမြို့နယ် ရထားကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း နဝမအကြိမ်ပြန်လည်ထုတ်ချေး

တောင်သာ ဇွန် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် ရထားကုန်းကျေးရွာတွင် နဝမအကြိမ်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းအကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ကျေးလက်ဥပဒေပါ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ရှင်းလင်းခဲ့ပြီးနောက် ကျေးရွာလုပ်ငန်းအဖွဲ့ထံ နဝမအကြိမ် လည်ပတ်ရန်ပုံငွေ ၄၀၇ သိန်းအား လွှဲပြောင်းပေးခဲ့သည်။

ယင်းနောက် ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့က စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ အသင်းသား ၅၁ ဦးအား ကျပ်သိန်း ၂၄၁ သိန်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ ၃၄ ဦးအား ၁၄၃ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦးထံ ၂၃ သိန်း စုစုပေါင်း အသင်းသား ၉၀ ဦး ထံ လည်ပတ်ရန်ပုံငွေ ၄၀၇ သိန်းထုတ်ချေးပေးနေမှုအား မြို့နယ်ဦးစီးမှူး၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)