မတ္တရာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ

မတ္တရာ ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centreတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ထွန်းလှမှ မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများနှင့် အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအကြီးအကဲများ၊  ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)