မူဆယ် ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရွှေနဂါးခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ သည်။
ရှေးဦးစွာ အခမ်းအနားတွင် မူဆယ်ခရိုင်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မူးယစ်ဆေးဝါးအန္တရာယ်၏ အကျိုးသက်ရောက်မှုများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတို့ကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဝိုင်းဝန်းပူးပေါင်းပြီး အမြစ်ဖြတ်တိုက်ဖျက်ကြရန် အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့သည်။ ထို့နောက် မူဆယ်ခရိုင်၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကထံမှ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဆောင်ရွက်ချက် မှတ်တမ်းများအား Video Click ဖြင့် ပြသခဲ့ပါသည်။ ယင်းနောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အများ ပြည်သူလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပူးတွဲ၍ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်(၁၀)ဦး၊ ၂၀၂၂-၂၃ခုနှစ်တွင် မူဆယ်ခရိုင်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်(၈)ဦးနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သော တာဝန်သိပြည်သူ(၆)ဦးတို့အား သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် ကာကွယ်ရေးအဖွဲ့ အကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူ(၂)ဦးက မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ကျပန်းစကားပြောခြင်းနှင့် ကျောင်းသား/သူများမှ အသိပညာပေးတစ်ခန်းရပ် ပြဇာတ်ဖြင့် တင်ဆက်ကပြခဲ့ကြသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများကို ဆုပေးအပ်ချီးမြှင့်ခဲ့ပြီး နမ့်ခမ်းမြို့နယ်အတွင်းရှိ တာကွန့်၊ ပန်းဆေး၊ပက်မာဒိန်ဆာ၊မန့်မိုင်၊လွယ်လန်လီရှော ကျေးရွာ အုပ်စုများအား ဘိန်းအစားထိုး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထယ်ကြား ကုမ္ပဏီလီမီတက်မှ ငွေကျပ်(၇၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ထို့အပြင် ၂၀၂၂-၂၃ ခုနှစ်တွင် မူဆယ်ခရိုင်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ခြင်းနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကုမ္ပဏ္ဍီများနှင့် အသင်းအဖွဲ့တို့အား မူဆယ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြ သူများက ပြခန်းတွင် ပြသထားသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းများ၊ ဘိန်းစိုက်ခင်းများ ဖျက်ဆီးထားရှိမှုများ၊ အသိပညာပေးစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအမျိုးအစားများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြပြီး မူဆယ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဝင်များက သိရှိလိုသည်များကို အသေးစိတ်ရှင်းပြခဲ့ကြပါသည်။ ယင်းအပြင် နေ့လည်ပိုင်းတွင် မူဆယ်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများမှ ကျောင်းသား/သူများ ကို ဖိတ်ကြား၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ အသိပညာပေးဓာတ်ပုံများနှင့် ပြသထားသော မူးယစ်ဆေးဝါးအမျိုးအစားများကို ကြည့်ရှုလေ့လာစေခဲ့ပြီး မူဆယ်ခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး လက်ကမ်း စာစောင်များ ပူးပေါင်းဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှု အသင်းအဖွဲ့(၁၀)ဖွဲ့၊ ပရဟိ တအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဘိန်းအစားထိုး စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်နေသော ဒေသခံတောင်သူများ၊ ဒေသခံရပ် မိရပ်ဖများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)