သံတွဲ ဇွန် ၂၇
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားပြီး သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အကဲဖြတ်ဒိုင်ချုပ် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်သိန်းက စာစီစာကုံး ပြိုင်တွေ့ရှိချက်များအား ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ သတိထားပြုပြင်နိုင်စေရန် သုံးသပ်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရှိသူများကို ဆုချီးမြှင့်ရာ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲ ပထမဆုရရှိသည့် အ.ထ.က(၁) Grade-9 မှ မောင်ဇွဲဟန်ထွန်း၊ ဒုတိယဆု ရရှိသည့် အ.ထ.က(မြို့မ)Grade-11 မှ မောင်အောင်စွမ်းပြည့် ၊ ပြည်နယ်အထက်တန်း အဆင့် ကာတွန်းပြိုင်ပွဲ အထူးဆုရရှိသည့် အ.ထ.က(ခွဲ)လင်းသာ Grade-11 မှ မောင်ထက်နိုင်သူနှင့် ပြည်နယ်အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲ ဒုတိယဆုရရှိသည့် အ.ထ.က(ခွဲ) ငကျော်တောင်ကျောင်းမှ မောင်မင်းခန့်စိုးတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အထက်တန်း၊အလယ်တန်း)အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများသည် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဆုရစာစီစာကုံးများနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
သန့်ဇင်(ပြန်/ဆက်)