ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကျောက်ဖြူမြို့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်‌ရောက်၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ကျောက်ဖြူ  ဇွန် ၂၇

ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ အစိုးရနည်းပညာကောလိပ်အနီးတွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပွဲပျိုးတော် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ (ကျောက်ဖြူ)ဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့ စေတီယျရပ်ကွက်ရှိ အစိုးရနည်းပညာကောလိပ်အနီးတွင် ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရနည်းပညာကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ကံ့ကော်၊ ရေတမာ၊ ခရေ အစရှိသည့်ပျိုးပင်ပေါက် ၁၀၀၀ ပင်အား သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူဘိုးဘွားရိပ်သို့သာ သွားရောက်ပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အဆိုပါဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို ဆီ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် သာသနိက အဆောက်အဦအမိုးများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တ အဂ္ဂဓမ္မအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး/ဖြိုးဝေလင်း(ပြန်/ဆက်)