မြင်းခြံ ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့တွင် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခသုတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ရွတ်ဆိုပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲတွင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ် ဝတ်အသင်းတို့မှ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်ခဲ့ကြသည်။ ဝတ်အသင်း တစ်သင်းလျှင် ဝတ်အသင်းသူ (၂၀) ဦး၊ အရံ (၂) ဦးတို့ဖြင့် ပါဝင်ရွတ်ဆို ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရရှိသည့် တောင်သာမြို့နယ် ဝတ်အသင်းနှင့် ဒုတိယဆုရရှိသည့် မြင်းခြံမြို့နယ် ဝတ်အသင်းတို့အား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်ကလည်းကောင်း၊ တတိယဆုရရှိသည့် နွားထိုးကြီးမြို့နယ်ဝတ်အသင်းအား ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်တို့မှ အသီးသီးဆုချီးမြှင့်ခဲ့ကြသည်။
ကျော်စွာ